ဝိနည်းသိက္ခာပုဒ် အရေအတွက် ပြဿနာ
Today at 1:49pm
ထေရ၀ါဒရဟန်းတော်များ လက်ခံထားသော ၀ိနည်းသိက္ခာပုဒ်ပေါင်း ၂၂၇-ပုဒ်ရှိသည်ဟု
တိတိကျကျ လက်ခံထားကြသည်။ သို့သော် သိက္ခာပုဒ်များ၏ ခမ်းနားထည်ဝါမှုနှင့်
ရည်ရွယ်ချက်ကို လုံးဝသံသယမရှိသော်လည်း သိက္ခာပုဒ်အရေတွက်နှင့် ပတ်သက်၍ မူ
မရှင်းလင်းသေးသဖြင့် ကူညီဖြေရှင်း
ပေးစေချင်ပါသည်။ဘယ်လိုနားလည်ရမလဲဆိုတာကိုရှင်းပေးစေချင်တာပါ။ တွေ့ရတာက
ဒီလို-(က) '' အသျှင်ဘုရား ဤသိက္ခာပုဒ် တစ်ရာ့ငါးဆယ်ကျော်သည် လခွဲတစ်ကြိမ် အကျဉ်းပြခြင်းသို့ ရောက်၏။ အရှင်ဘုရား တပည့်တော်သည် ဤ သိက္ခာပုဒ်တို့၌ ကျင့်သုံးရန် မစွမ်းနိုင်ပါ '' ။
( အံ၊ မြန်၊ ၁၊ ၂၄၉ )
(ခ) သိက္ခာပုဒ်တစ်ရာ့ငါးဆယ်ကျော်ဟူသည်မှာ ဤသုတ်တော်ကို ဟောတော် မူချိန်၌ တစ်ရာ ငါးဆယ်ကျော်မျှသာ ပညတ်ရသေးသဖြင့် ပညတ်ပြီးသော သက္ခာပုဒ်တို့ကိုသာ ရည်ရွယ်၍ ဆိုခြင်းဖြစ်ပါသည်။
( အံ၊ ဋ္ဌ၊ ၂၊ ၂၁၅ )
(ဂ) မင်းမြတ် မြတ်စွာဘုရားသည် '' ယခုအခါ လူတို့၌ တစ်ရာ့ငါးဆယ်ကျော် သော သိက္ခာပုဒ်ကို ပညတ်အပ်သည်ဖြစ်လတ္တံ့ '' ဟု ဤအကြောင်းကို သိတော်မူအပ်၏။ ထိုသို့သိတော်မူသော်လည်း မြတ်စွာဘုရား ဤသို့အကြံ ဖြစ်တော်မူ၏။ '' ငါဘုရားသည် တစ်ရာ့ငါးဆယ်ကျော်သော သိက္ခာပုဒ်ကို အကယ်၍ တပြိုင်နက် ပညတ်လိုက်မူ လူအပေါင်းသည် ဤသာသနာတော်၌ စောင့်စည်းဖွယ်များလှ၏။ အချင်းတို့ ရဟန်းဂေါတမ သာသနာတော်၌ ရဟန်းပြုခြင်းငှာခဲယဉ်းစွတကား...'' ဟု ထိတ်လန့်ခြင်းသို့ ရောက်လတ္တံ့။
( အန၀သေသသိက္ခာပဒပဥှ၊ မိလိန္ဒ၊ မြန်၊ ၂၊ ၂၈၃ )
အင်္ဂ္ဂုတ္ထိုရ်ပါဠိတော်ကိုဖွင့်ဆိုသော အဋ္ဌကထာဆရာ အရှင်မဟာဗုဒ္ဓဃောသဆရာက ထိုအချိန်က ပညတ်ပြီးသော သိက္ခာပုဒ်တို့ကိုသာ ရည်ရွယ်၍ ' တစ်ရာ့ငါးဆယ်ကျော် ' ဟု သုံးနှုန်းခြင်းဖြစ်သည်ဟု ဖြေရှင်းချက် ထုတ်ခြင်းကို အကြွင်းမရှိ လက်ခံနိုင်သော်လည်း မြတ်စွာဘုရားပရိနိဗ္ဗာန် စြံပီးနောက် နှစ်ပေါင်းငါးရာကျော်မှ ပေါ်ပေါက်ခဲ့သော မိလိန္ဒပဥှာကျမ်းတွင်လည်း ၁၅၀-ကျော်ဟု သုံးနှုန်းထားခြင်းကြောင့် အရှင်မဟာဗုဒ္ဓဃောသ၏အဆိုကို လက်ခံဖို့ စဉ်းစားစရာဖြစ်သွားသည် ဟု ယူဆပါသည်။
ဆိုလိုတာက မိလိန္ဒပဥှာကျမ်းပေါ်ပေါက်ချိန်တွင် မြတ်စွာဘုရားရှင်လည်း ပရိနိဗ္ဗာန်စံပြီးဖြစ်၍ သိက္ခာပုဒ်အားလုံးကို ပညတ်ပြီးဖြစ်ပေပြီ။ ထို့ကြောင့် တစ်ရာ ငါးဆယ်ကျော်ဟူသော အသုံးအနှုန်းကို သုံးနှုန်းစရာ လုံးဝ အကြောင်းမရှိပေ။ နှစ်ရာနှစ်ဆယ့်ခုနှစ် ဟူ၍သာ ဧကန်သုံးနှုန်းရပေမည်။ ထို့ကြောင့် တစ်ခုခုတော့ ချွင်းချက်ထားပြီး လက်ခံမှ ဖြစ်တော့မှာပါ။
မိလိန္ဒပဥှာကျမ်းဟူသည် အရှင်မဟာဗုဒ္ဓဃောသကိုယ်တိုင် သူ၏ အဋ္ဌကထာကျမ်းများ၏ အရေးကြီးသော အဖွင့်များတွင် မိလိန္ဒပဥှာကျမ်းကို အထောက်အထားပြူ၍ '' မိလိန္ဒပဥှေ. .မိလိန္ဒပဥှေ..'' ဟု မကြာခဏ အကိုးအကား ယူထားသော အရှင်မြတ်ကိုယ်တိုင် အားကိုးသော ကျမ်းဖြစ်သည်။ ထို့ကြောင့် မိလိန္ဒပဥှာကျမ်းပါ ၁၅၀-ကျော်ဟူသော အသုံးအနှုန်းကို မလွဲမသွေ တွေ့ရှိတန်ကောင်းပါ၏။
အန၀သေသသိက္ခာပဒပဥှာသည် မူလမိလိန္ဒပဥှာကျမ်းတွင် မပါဝင်ဘဲ နောက်ပိုင်းမှ ထပ်ဖြည့်ထားသော အဆိုတစ်ခုဖြစ်၍ အရှင်မဟာ ဗုဒ္ဓဃောသမတွေ့ရှိနိုင်ပါ ဟု ဆိုလျှင်တောင်မှ အဆင်မပြေသေးပေ။
ထို့ကြောင့် အောက်ပါ မေးခွန်းများ ထွက်လာပါသည်....။
(က) ပါတိမောက်အစစ်အမှန်သည် သိက္ခာပုဒ် ၁၅၂ ပုဒ်သာရှိသလော ?
(ခ) အရှင်မဟာဗုဒ္ဓဃောသမှားသွားခြင်းလော ?
(ဂ) မိလိန္ဒပဥှာကျမ်းမှားသလော ?
(ဃ) သေခိယသိက္ခာပုဒ် ၇၅-ပုဒ်သည် နောက်ပိုင်းရဟန်းတော်များ၏ ပညတ်ချက်လော ?
စသည်.စသည်.မေးခွန်းများရှိလာပါသည်။
ဘိက္ခုသကျလောက